Showing posts with label ဝိနည်း. Show all posts
Showing posts with label ဝိနည်း. Show all posts

Monday, April 22, 2024

ရဟန်းကျင့်ဖွယ် နှစ်ရာ့နှစ်ဆယ်ခုနှစ်သွယ်

ရဟန်းကျင့်ဖွယ် နှစ်ရာ့နှစ်ဆယ်ခုနှစ်သွယ် 


Download

သံဃာဒိသိသ်အာပတ် ပရိဝါသ်ဆောက်တည်ကုစားပုံ

{သိရှိလိုသော ရဟန်း,ရှင်,လူ များအတွက် ကုစားပုံ အပြည့်အစုံကို အထူးရေးသား ဖေါ်ပြထားပါသည်}

သံဃာဒိသိသ်အာပတ်ကုစားခြင်

အာပတ် ခုနှစ်ပုံရှိရာတွင် ပါရာဇိကအာပတ် ပြီးလျှင် သံဃာဒိသိသ်အာပတ်သည် အပြစ်အကြီး လေးဆုံးဖြစ်သည်။
ပါရာဇိကအာပတ်သင့်သောရဟန်း သည်ရဟန်းသိက္ခာ ဆုံးရှုံးသွားပြီဖြစ်၍ လူနှင့်သာမဏေ ဘဝတို့သို့ ပြောင်းခြင်းမှတပါး အခြားနည်းတို့ဖြင့် ကုစား ရန်မရှိဟု ဆိုရမည်ဖြစ်သည်။
သံဃာဒိသိသ်အာပတ်မှာ မူ သင့်ရောက်သော အာပတ်ကို ပြန်လည်ကုစားခွင့်ရှိ သည်။ သို့သော် ခက်ခဲစွာ ကုစားရသဖြင့် သံဃာဒိသိသ် အာပတ်ကိုရဟန်းတော်များ အလေးအနက်ထား၍ထိန်း သိမ်းကြရပေသည်။

ဖုံးလွှမ်းထားသလောက်ဝါသ်ဆောက်တည်ရ

သံဃာဒိသိသ် အာပတ်သင့်သောရဟန်းသည် ထိုနေ့ မှာပင် ရဟန်းတစ်ပါးအထံ၌ မိမိတွင် သံဃာဒိသိသ် အာပတ် သင့်ရောက်ကြောင်းကို ဖွင့်ဟပြောကြား ဝန်ခံ ရသည်။
ဖွင့်ဟပြောကြားခြင်း မပြုပဲ ထိုနေ့ညကုန်ဆုံး၍ အရုဏ်တက်သွားပါက တစ်ရက်ဖုံးလွှမ်းရာ ရောက်ပြီး၊ သံဃာဒိသိသ် အာပတ်ကုစားရာတွင် ဖုံးလွှမ်းသည့် ရက်,လ,နှစ်နှင့်အမျှ ပရိဝါသ် ဆောက်တည်ရသည်။
သံဃာဒိသိသ်အာပတ် သင့်ရောက်ပါလျှက် ဖုံးလွှမ်းရာမရောက်သော ချွင်းချက်သုံးမျိုးရှိ ၏ ။ ယင်း ချွင်းချက်သုံးမျိုးနှင့် အမှန်အကန် ကြုံတွေ့နေရပါက ဖုံးလွှမ်းရာမရောက်ပေ ။
▪️သံဃာဒိသိသ်အာပတ် သင့်သော်လည်း ထို
အာပတ် သင့်သည်ကို မသိခြင်း ။
▪သံဃာဒိသိသ် အာပတ်သင့်သည်ကို သိသော်
လည်း ထိုညဉ့်မကုန်မီဖွင့်ဟပြောကြားရန်အနီး
ပတ်ဝန်းကျင်၌ ရဟန်းမရှိခြင်း ။
▪️ သံဃာဒိသိသ်အာပတ် သင့်ရောက်သည်ကို
ဖွင့်ဟပြောကြားရန် အနီး၌ ရဟန်းများရှိသော်
လည်းထိုရဟန်းများထံသွားရောက်ပြောကြား
ရန် လမ်းခရီးတွင် အမှန်တစ်ကယ် အန္တရာယ်
ရှိနေခြင်း ။

ဝါသ်ဆောက်တည်ခြင်း

ဝါသ်ဆောက်တည်ခြင်းမှာ သံဃာဒိသိသ် အာပတ် သင့်သည်ကို ဖွင့်ဟမပြောပဲ ဖုံးထားမိသည်ကို သံဃာတော်များထံ ဖွင့်ဟပြောကြားပြီး သံဃာကပေး သော ကျင့်ဝတ်ကို ဆောက်တည်ခြင်းဟု ဆိုလိုသည်။
[ ပရိ = ထက်ဝန်းကျင်, = ဝသ = {ဝါသ်}ကျင့်သုံးခြင်း ] ထက်ဝန်းကျင် စင်ကြယ်အောင် ကျင့်သုံးခြင်းဖြစ်သည်။ ဖုံးကွယ်ထားသည့် ရက်နှင့်အမျှ ဝါသ်ဆောက်တည် နေ ကြရသည် ။
ဝါသ်ဆောက်တည်ရာတွင် အနည်းဆုံး သံဃာတော် လေးပါးဖြင့် သိမ်အတွင်း ဝင်ရောက်၍ ရှေးဦးစွာ ဉတ္တိစတုတ္ထ ကမ္မဝါစာရွတ်ဖတ်ကာ သံဃာ ဒိသိသ်အာပတ် သင့်သူရဟန်းအား ဝါသ်ပေးရသည်။
ထို့နောက် မိမိသင့်ရောက်ခဲ့သော အာပတ်အမျိုးအမည် နှင့် ဖုံးလွှမ်းထားခဲ့သော ညဉ့်အရေအတွက်တို့ကို ထုတ် ဖော် လျှောက်ထားပြီး ဝါသ်ဆောက်တည်ရသည်။
အကယ်၍ အမျိုးအမည် , အရေအတွက် မမှတ်မိပါက ``အမျိုးမျိုးသော သံဃာဒိသိသ်အာပတ်များ {သမ္ဗဟုလာ နာနာဝတ္ထုကာ အာပတ္တိယော}´´ဟု ပြောဆို, ဆောက်တည်ရသည်။
ရဟန်းငယ်ဘဝ မေ့မေ့လျှော့လျှော့ နေခဲ့စဉ် သံဃာဒိသိသ်အာပတ် သင့်ရောက်ခဲ့ရာ ညဉ့်အရေ အတွက် မမှတ်မိပဲလည်း ရှိတတ်သည်။
ထိုသံဃာ ဒိသိသ်အာပတ်ကို ကုစားလိုပါက မိမိဘယ်နှစ်ဝါအထိ စင်ကြယ်စွာ နေခဲ့၍ ဘယ်နှစ်ဝါရပြီးသည့်နောက်ပိုင်း မစင်ကြယ်ဟု ပြန်လည်အောက်မေ့ကာ မစင်ကြယ် သည့် ရက်,လ,နှစ်နှင့်အမျှ ဝါသ်ဆောက်တည်ရသည်။
ထိုသို့မှ မပိုင်းခြားနိုင်ခဲ့လျှင် နေခဲ့ပြီး ဝါအရေအတွက်နှင့် အမျှ ဝါသ်ဆောက်တည်ရသည်။ ယင်းသို့ ညဉ့်အရေ အတွက် မမှတ်မိ၍ မှန်းဆကာ ဝါသ်ဆောက်တည်ခြင်း ကို သုဒ္ဓန္တပရိဝါသ်ဟု ခေါ်သည်။
သံဃာဒိသိသ် အမျိုးများစွာ သင့်ရောက်လျှင် ဖြစ်စေ, ဖုံးလွှမ်းသည့် ညဉ့်အရေအတွက် မတူညီလျှင် ဖြစ်စေ, အကြာမြင့်ဆုံး ဖုံးလွှမ်းခဲ့သည့် အာပတ်အမျိုး အမည်နှင့် ညဉ့်အရေအတွက်ကိုလွှမ်းမိုးကာ တစ်ပေါင်း တည်း ဝါသ်ဆောက်တည်ခြင်းကို သမောဓာန ပရိဝါသ် ဟု ခေါ်သည်။
သမောဓာန ပရိဝါသ်မှာ သြဓာနသမော -ဓာန ပရိဝါသ်, အဂ ္ဃသမောဓာန ပရိဝါသ်နှင့် မိဿက -သမောဓာန ပရိဝါသ်ဟူ၍ သုံးမျိုးကွဲပြား၏ ။
##သြဓာနသမောဓာနပရိဝါသ်မှာ ဖုံးလွှမ်းမိခဲ့သည့် ညဉ့်အရေ အတွက်အတိုင်း ဝါသ် ဆောက်တည်နေစဉ် သံဃာ ဒိသိသ်အာပတ် ထပ်သင့်ရာဝယ် ပရိဝါသ်ကျင့်ပြီးရက် တို့ကို ပယ်ဖျက်၍ မူလအာပတ်၏ ရက်အပိုင်းအခြား၌ နောက်ထပ်သင့်သောအာပတ်ကိုပေါင်း၍ဆောက်တည် ရသော ပရိဝါသ်ဖြစ်သည်။
##အဂ္ဃသမောဓာနပရိဝါသ်မှာ သင့်ရောက်သော သံဃာဒိသိသ်အာပတ်ကို ဖုံးကွယ် ထားသည့် ရက်အနည်း,အများ မတူညီခဲ့လျှင် အကြာ မြင့်ဆုံး ဖုံးလွှမ်းရက်ကို ယူလိုက်ခြင်းဖြင့် ကျန်ရက်များ ကို လွှမ်းမိုးပြီးဖြစ်၍ ယင်းသို့ပေါင်းထည့်ခြင်းကို အဂ္ဃသမောဓာန ပရိဝါသ်ဟု ခေါ်ဆိုသည်။
##မိဿကသမောဓာနပရိဝါသ်ကား သံဃာဒိသိသ်အာပတ် မျိုးကွဲအများ အပြား သင့်ရာတွင် တစ်ပေါင်းတစ်စည်း တည်းရောနှော ၍ ဝါသ်ဆောက်တည်ခြင်းမျိုး ဖြစ်လေသည်။
##အစကပြန်စ {မူလာယပဋိကဿန}
ရဟန်းသည် သံဃာဒိသိသ်အာပတ်ကို ခက် ခဲစွာ ကုစားနေရပါလျှက် ထိုကာလအတွင်း သံဃာဒိ သိသ်အာပတ် ထပ်မသင့်ရန်လည်း အရေးကြီး၏ ။
အကယ်၍ အာပတ်ထပ်သင့်မိပါကလည်းရဟန်းတစ်ပါး ထံ ချက်ခြင်း ဝန်ခံပြောကြားရသည်။ ယင်းအာပတ်ကို ကြားကာလ၌ သင့်သောအာပတ် {အန္တရာပတ္တိ}ဟု ခေါ် သည်။
တစ်ညဉ့်မျှ ဖုံးလွှမ်းမိပါက ဝါသ်ဆောက်တည်ပြီး ရက်များ ပျက်ပြယ်ပြီး မူလ အစကပြန်စရသည်။ ယင်းကို ပါဠိလို မူလာယပဋိကဿနဟု ခေါ်သည်။
အာပတ်စင်ကြယ်၍ အပြစ်မရှိသော ရဟန်းအားလုံး သည် ပကတတ် ရဟန်းများဖြစ်၍ ဝါသ်ဆောက်တည် ရန်မလို။
သံဃာဒိသိသ် အာပတ်သင့်၍ ဝါသ်ဆောက် တည်သော ရဟန်းသည် အပြစ်မှပြေပျောက်ရန် ဒဏ်ခံ ခြင်း ဖြစ်သဖြင့် ဒဏ်သားရဟန်းဟု ခေါ်ဆိုရသည် ။
ဝါသ်ဆောက်တည်သော နေ့မှစ၍ ဒဏ်သားရဟန်း ဖြစ်သွားပြီဖြစ်ရာ ဒဏ်သားရဟန်း အနေနှင့် လိုက်နာ ရန် စည်းကမ်းချက် များရှိသည်။
▪️ဒဏ်သားရဟန်းသည် ပကတတ် ရဟန်းနှင့် တစ်မိုးတစ်ရံတည်း၌ အတူမအိပ်စက်ရ ။ အိပ်မိလျှင် ဒုက္ကဋ်အာပတ် သင့်သည့်အပြင် ထိုအိပ်မိသည့် ညဉ့်များ အတွက် ညဉ့်အရေအတွက် ထပ်တိုး၍ ကျင့်ရမည်။
▪️ဒဏ်သားရဟန်းသည် ပကတတ်ရဟန်းနှင့် တစ်ခုတည်းသော အာရာမ် {ကျောင်းဝင်း} အတွင်း၌ နေရမည်။ ကျောင်းဝင်း ပြင်ပဖြစ်ပါက ပကတတ်ရဟန်း နှင့် {၁၂} တောင်ထက်ပို၍ မကွာဝေးစေရ , ပကတတ် ရဟန်းနှင့် ကင်းကွာ၍ တစ်ညဉ့်အိပ်မိပါက ထိုညဉ့် အတွက် တစ်ရက်ထပ်တိုး၍ ပရိဝါသ်မာနတ်ကျင့်ရမည်။
▪️ပြောကြားပြီးသော ရဟန်းအား၎င်း, မြင်သမျှ, ကြားသမျှ အသစ်အသစ် တိုးလာသော ရဟန်းများအား မိမိသံဃာဒိသိသ် အာပတ်သင့်၍ ဝါသ်ဆာက်တည် နေရကြောင်းကို နေ့စဉ် ဖွင့်ဟ ပြောကြားရမည်။ ရဟန်း တစ်ပါးအား တစ်ကြိမ် ပြောကြားပြီးလျှင်လည်း နေ့စဉ် မပြောကြားမိပါက ဒုက္ကဋ်အာပတ် သင့်သည်။ ညဉ့်ထပ် မတိုးရ။ လုံးဝမပြောကြားရသေးသော ရဟန်းအား မပြော ကြားမိပါက တစ်ရက်ထပ်တိုး၍ ပရိဝါသ်မာနတ် ကျင့်ရမည်။
▪️ဒဏ်သားရဟန်းသည် သိက္ခာဝါငယ်သော ပကတတ်ရဟန်းတို့၏ ရှိခိုးမှု့ , အရိုအသေပြုမှု့ , ခရီးဦးကြိုပြုမှု့ , နေရာဖယ်ပေးမှု့ကို မခံယူရ , သို့ရာတွင် ဒဏ်သားရဟန်း အချင်းချင်းဖြစ်မူ သိက္ခာဝါ ကြီးစဉ်ငယ်လိုက် အရိုအသေ ခံနိုင်ခွင့် ရှိသည်။
▪️ဒဏ်သားရဟန်းသည် ဥပုဒ်ပြုရာ , ပဝါရဏာ ပြုရာ၌ သိက္ခာဝါ အငယ်ဆုံးနေရာ၌ နေရမည်။
▪️ဒဏ်သားရဟန်းသည် ဆွမ်းခံရာတွင် သံဃာအတန်းထဲ၌ မရပ်ရ , သံဃာအတန်းပြင်ပ နှစ်တောင့်ထွာသို့ထွက်၍ အဝေးမှ လက်ကိုဆန့်တန်း ပြီးအလှုခံရမည်။ ပင့်ဖိတ်သည့် ဆွမ်းကျွေးပွဲ၌လည်း သိက္ခာဝါ အငယ်ဆုံးနေရာ၌ နေရမည်။
▪️ ဒဏ်သားရဟန်းသည် ရဟန်းခံရာ၌ ဥပဇ္ဈာယ် ဆရာ, ကမ္မဝါစာဆရာ , နိဿရည်းဆရာ မပြုလုပ်ရ ။
▪️ဒဏ်သားရဟန်းသည် သာမဏေတို့၏ လုပ်ကျွေးပြုစုမှု့ကို မခံယူရ ။ မပြုစုရန် တားမြစ်ရမည်။ တားမြစ်ပါလျှက် ဆက်လက်လုပ်ကျွေး ပြုစုနေပါက ဒဏ်သားရဟန်းမှာ အပြစ်မရှိချေ ။
▪️ဒဏ်သားရဟန်းသည် မိမိက သိက္ခာဝါကြီး သည်ဟူ၍ သံဃာများကို ဦးဆောင်၍ ရှေ့မှမကြွရ ။
၁၀▪️တစ်ပါးတည်း တောရဆောက်တည်ခြင်း မပြုရ ။
၁၁▪️မိမိထက် သိက္ခာဝါငယ်သော ပကတတ် ရဟန်း လာသည်ကို မြင်လျှင် နေရာမှထ၍ မိမိနေရာဖြင့် ဖိတ်ကြားရမည် ။
၁၂▪️ဝါတူပုဂ္ဂိုလ်ချင်း ဖြစ်သော်လည်း ဒဏ်သား ရဟန်းသည် ပကတတ်ရဟန်းနှင့် ခုတင်,ညောင်စောင်း တစ်ခုတည်း၌ အတူမထိုင်ရ ။
၁၃▪️ရဟန်းခံ, သိမ်သမုတ်စသော, သံဃာအမှု့ ကိစ္စများ၌ ပါဝင်ဆောင်ရွက်ခွင့်မရှိ , ခေတ္တ ရာထူးချခံ ထားရသည့် သဘောဖြစ်သည်။
ဒဏ်သားရဟန်း၏ ဖော်ပြပါ ကျင့်ဝတ်များ အနက် ဝါသ်ကြားခြင်းမှာ ကျယ်ဝန်းခက်ခဲလှ၏ ။
မိမိ သည် သံဃာဒိသိသ် အာပတ်သင့်သဖြင့် ဝါသ်ဆောက် တည်နေကြောင်းကို သိမ်အတွင်း တရားဝင် ဝါသ်ကြား ခြင်း ပြုလုပ်ပြီးသည့်တိုင် အနီးအနား တွေ့သမျှ, မြင်သ မျှ, ကြားသမျှ ရဟန်းတို့အား လျှောက်ထား ပြောကြားရ သည်။
အနီးပတ်ဝန်းကျင်တွင် ပကတတ်ရဟန်းများ၏ စာကျက်သံ, တုံးမောင်းခေါက်သံ ကြားလျှင်ပင် ထို ရဟန်းများရှိရာသို့ သွားရောက်၍ ဝါသ်ကြားရသည်။
လမ်းမပေါ်မှ ယာဉ်တစ်စီးပေါ်၌ ရဟန်းတစ်ပါး ပါလာ သည်ကို မြင်လျှင်ပင် ယာဉ်ကိုတားစီး ရပ်တန့်စေ၍ ဝါသ်ကြားရသည်။
ဒဏ်သားရဟန်းသည် ဝါသ်ကြားရန် ပျက်ကွက်ပါက ပတ္တဘေဒက ဒုက္ကဋ်အာပတ်သင့်ပြီး ဝါသ်ရက်တစ်ရက်တိုး၍ ဆောက်တည်ရသည်။
ခရီးသွား ရဟန်းနောက်သို့ လိုက်ပါလျှက် မမှီဖြစ်ခဲ့သော် ဒုက္ကဋ်အာပတ် မသင့်သော်လည်း ဝါသ်ရက်တစ်ရက် တိုး၍ဆောက်တည်ရသည်။
သို့ဖြစ်ရကား ဝါသ်ကြား ခြင်း တာဝန်မှာ ကျယ်ပြန့် ကြီးလေးလှသဖြင့် ဒဏ်သား ရဟန်းအဖြစ် ခံယူ၍ ဝါသ်ဆောက်တည်ခြင်း အမှု့ကို ရဟန်းတော်များ အသွားအလာ နည်းပါးသည့် တောရွာ ကျောင်းများ၌ ပြုလုပ်လေ့ ရှိကြသည်။
ဝါသ်ချထားသည်ဟု ဆိုခြင်းမှာ ဒဏ်သား ရဟန်းအဖို့ ဝါသ်ကြားခြင်းကိစ္စ ကျယ်ဝန်းခက်ခဲလှ သဖြင့် ဝါသ်ပျက်ကွက်မှု့ဖြစ်တိုင်း ရက်တိုးဆောက် တည်နေရခြင်းမှ သက်သာစေရန် ဝါသ်ကိုချထားခြင်း အစီအစဉ် ဖြစ်သည်။
သိမ်အတွင်း၌ ဝါသ်တောင်းခံခြင်း, ဝါသ်ပေးခြင်း, ဝါသ်ဆောက်တည်ခြင်း, ဝါသ်ကြားခြင်း ပြုပြီးနောက် ဝါသ်ကိုချထားရန် ဖြစ်သည်။
ထိုသို့ ဝါသ်ချ ထားခြင်းဖြင့် မြင်,မြင်သမျှ , ကြား,ကြားသမျှ, အာဂန္တု ရဟန်းရှိရာသွားရောက်၍ ဝါသ်ကြားရခြင်းမှ ကင်းလွတ် ခွင့်ရပြီး ဝါသ်ချထားစဉ် ဒဏ်သားရဟန်းဟုလည်း မခေါ် ရပဲ ပကတတ် ရဟန်းအဖြစ်ဖြင့်သာ မှတ်ယူခွင့်ရှိသည်။
ထို့အပြင် ဝါသ်ဆောက်တည်ဆဲ သံဃာဒိသိသ် အာပတ် သင့်လျှင်ပင် ညဉ့်ဖုံးလွှမ်းမိသည်ကိုလည်း တစ်ပေါင်းတည်း ဆောက်တည်ခွင့်ပါ ရရှိလေသည်။
ဝါသ်ဆောက်တည်သော ရဟန်းသည် ဝါသ်ဆောက်တည်ခြင်းကို နေ့စဉ် အရုဏ်မတက်မီ တစ်နာရီစော၍ ချထားသောဝါသ်ကို ပြန်လည်ဆောက် တည်ရသည်။
အရုဏ်တက်ပြီးနောက် ဝါသ်ကိုပြန်လည် ချထားရသည်။ စတင် ဝါသ်ဆောက်တည်စဉ်ကသာ သိမ် အတွင်း၌ သံဃာကံ ဖြစ်စေရန် သံဃာလေးပါး လိုအပ်သော်လည်း၊
နောက်ပိုင်း ဝါသ်ချထားခြင်း ပြန်လည် ဆောက်တည်ခြင်းများတွင် သံဃာတစ်ပါးရှိ လျှင် လုံလောက်သဖြင့် သံဃာအများ ရှိရာ၌ ဝါသ် စတင် ဆောက်တည်ပြီး ရဟန်းတစ်ပါး,နှစ်ပါးရှိသည့် တောရွာကျောင်းများသို့ ပြောင်းရွှေ့၍ ဝါသ်ဆောက် တည်မှု့ကို ဆက်လက် ဆောင်ရွက်ခြင်းက ပိုမို သင့်လျှော် ပေသည်။
' မိမိ၏ အကျင့်သီလအပေါ် အခြားရဟန်း တော်များက ယုံကြည်စိတ်ချ မြတ်နိုးမှု့ ရှိစေခြင်းအကျိုး ငှာ ကျင့်သုံးခြင်းကို ``မာနတ်ကျင့်သည်´´ဟု ဆိုရ၏ ။
{ မာနတ် = မာနတ္တ = မာန + တ္တ။ မာန = မြတ်နိုးမှု့၏ , တ္တ = အဖြစ် }
သံဃာဒိသိသ် အာပတ်သင့်ရောက်သည်ကို ဖုံးလွှမ်းမထားပဲ နေ့ချင်း, ညချင်း ဖွင့်ဟဝန်ခံထားသော ရဟန်းအဖို့ ပရိဝါသ် ဆောက်တည်ရန်မလိုပဲ မာနတ် သာကျင့်ရန် လိုအပ်ပေသည်။
မာနတ်မှာမူ ရက်အပို အလို တွက်ချက်ရန်မလိုပဲ {၆} ရက်ကျင့်ရန် သတ်မှတ် ထားသည်။
မာနတ် ဆောက်တည်ခြင်းမှာလည်း ဝါသ် သဘောဖြစ်၍ သိမ်အတွင်း အနည်းဆုံး လေးပါးရှိသော သံဃာထံ၌ မာနတ်တောင်းခြင်း, သံဃာက ဉတ္တိစတုတ္ထ ကမ္မဝါစာဖတ်၍ မာနတ်ပေးခြင်း, မာနတ်ဆောက်တည် ခြင်း, မာနတ်ဆောက်တည်ထားကြောင်း မာနတ်ကြား ခြင်းတို့ကို ဆောင်ရွက်ရ၏ ။
ပရိဝါသ် ဆောက်တည် သကဲ့သို့ပင် တွေ့မြင်သမျှ အာဂန္တု ရဟန်းတို့အား မာနတ်ကြားရမည်ဖြစ်၍ မာနတ်ချထားခြင်း ပြုနိုင်သည် ။
မာနတ် ချထားခြင်းကိုမူ နံနက်အာရုဏ်မတက်မီ ကျောင်းတိုက်အရံပြင်ပ { အရံမရှိလျှင် အစွန်အဖျား အကျဆုံးကျောင်းမှ ခဲနှစ်ပစ် အကွာအဝေး } သို့ သံဃာ လေးပါးကို ပင့်ဆောင်သွား၍ လမ်းဘေးချုံပုတ် အကာ အကွယ်၌ အရုဏ်မတက်မီ မာနတ်ဆောက်တည်ခြင်း, မာနတ်ကြားခြင်းပြု၍ အရုဏ်တက်ပြီးနောက် မာနတ် ချခြင်းတို့ကိုဆောင်ရွက်ရသည်။
ပရိဝါသ် ဆောက်တည် ခြင်းနှင့် မာနတ်ကျင့်ခြင်းတို့မှာ ကျင့်ဝတ် ဝတ္တရား ဆင်တူ သော်လည်း ပရိဝါသ်က ဖုံးလွှမ်းသည့် ရက်,လ, နှစ် အတိုင်းအတာဖြင့် ဆောက်တည်ရ၍ မာနတ်မှာ ပုံသေ {၆} ရက်သာ အပိုအလိုမရှိ ကျင့်သုံးရသည်။
ပရိဝါသ် ဆောက်တည်ရာတွင် အစကနဦးတွင်သာ အနည်းဆုံး သံဃာလေးပါး ရှိရန်လိုအပ်သော်လည်း နောက်ပိုင်း ရက်များတွင် သံဃာတစ်ပါး ရှိလျှင် လုံလောက်၏ ။
မာနတ်ဆောက်တည်ရာတွင်မူ {၆} ရက် လုံးလုံး အနည်းဆုံး သံဃာလေးပါးထံ၌ မာနတ်ကြား ခြင်း, မာနတ်ချခြင်း ပြုရသည်။
ထိုသို့ ပရိဝါသ်မာနတ် ဆောက်တည်နေစဉ် သိက္ခာချ၍ လူဝတ်လဲခြင်း, {သို့မဟုတ်} သိက္ခာချ၍ ရှင်သာမဏေ ဝတ်ခြင်းများ ပြုလုပ်ခဲ့ပါလျှင် ပရိဝါသ်မာနတ် ဆောက် တည်မှု့သည်လည်း အလိုအလျှောက် ရပ်တန့်သွား သည်။
ထိုပုဂ္ဂိုလ်သည် တဖန်ပြန်၍ ရဟန်းခံပါက မူလ ဆောက်တည် ကျင့်သုံးပြီးသော ပရိဝါသ်မာနတ် ရက် များကို ကျင့်သုံးပြီးအဖြစ် သတ်မှတ်၍ ကြွင်းကျန်သော ရက်အတွက်သာဆက်လက်ကျင့်သုံးရမည်ဖြစ်ပါသည်။
ဥပမာအားဖြင့် တစ်လပရိဝါသ် ကျင့်သုံးနေ စဉ်ရက် {၂၀} ရသောအခါ သိက္ခာချ လူဝတ်လဲပြီး တစ် ဖန်ပြန်၍ ရဟန်းခံပါက ကြွင်းကျန်သော {၁၀} အတွက် သာ ကျင့်သုံးရမည်။ အစက ပြန်စရန် မလိုချေ ။
မာနတ် {၆} ရက်ကျင့်နေစဉ် {၅} ရက်ရသောနေ့၌ သိက္ခာချ လူ ဝတ်လဲပြီး တစ်ဖန်ပြန်၍ ရဟန်းခံပါက ကြွင်းကျန်သော {၁} ရက်အတွက်သာ မာနတ် ကျင့်သုံးရမည်။
{စကားချပ်} ▪[ ️``ဒုလ္လဘ ရဟန်းခံသူများ အထူးသတိ ပြု´´ရန်မှာ သံဃာဒိသိသ်အမှု့များကို မသိ၍သော်၎င်း, သိ၍သော်၎င်း ] သံဃာဒိသိသ် အာပတ်ကို မကုစားပဲ သိက္ခာချ လူဝတ်လဲ၍ တစ်ဖန်ပြန်လည် ရဟန်းပြုပါက မူလသင့်ထားသော သံဃာဒိသိသ် အာပတ်များသည် ပြန်ပေါ်လာ၍ ထုံးစံအတိုင်း ပြန်လည်ကုစားရမည်။
* [ မှတ်ချက်▪️ဒုလ္လဘ ရဟန်းဝတ်ဖူးသူများ ဤပို့စ်ကို ဖတ်ရှု့လေ့လာ၍ သံဃာဒိသိသ် အာပတ်သင့်ထားလျှင် ရဟန်းပြန်ခံ၍ နားလည်တတ်ကျွမ်းသော ဝိနည်းဓိုရ် ကျောင်းများတွင် ပြန်လည်ကုစားသင့်၏ ။ ဤကား ဒုလ္လဘရဟန်း ဝတ်ဖူးသူများ အထူးသတိပြုရမည်။] *
အဗ္ဘာန်သွင်းခြင်းကား ပရိဝါသ်မာနတ် ကျင့်ပြီးရဟန်း၏ အာပတ်မှစင်ကြယ်မှု့ကို အသိအမှတ် ပြုသည့် သဘောဖြင့် သံဃာ့အလယ်သို့ ရှေ့ရှု့ပြန်ခေါ် ခြင်း ဖြစ်သည်။
[ အဗ္ဘာန = အဘိ+ ဣ+ ဏေ+ယု။ အမြတ်တနိုး ရှေ့ရှု့ရောက်စေခြင်း, လက်ခံခြင်း, ခေါ်ယူခြင်း, အဗ္ဘာန်သွင်းခြင်း။ ]
ယင်းကံကို အဗ္ဘာနကံဟု ခေါ်၍ သိမ်အတွင်း ၌ အနည်းဆုံး သံဃာအပါး {၂၀} စည်းဝေး, ဆောင်ရွက် ရသည်။
သံဃာဒိသိသ် အာပတ် စင်ကြယ်သော ရဟန်း က မိမိအား ပကတတ် ရဟန်းအဖြစ် အသိအမှတ် ပြု ပေးနိုင်ပါရန် သံဃာအား လျှောက်ထားရပြီး [သံဃာက ဉတ္တိစတုတ္ထ စကားချပ်အနေဖြင့် ထပ်မံတင်ပြလိုပါသည် ]
အချို့သော ဝါသ်ပွဲကျင်းပရာ ကျောင်းများ သည် ငါးဝါ ပြည့်မှသာ ဝါသ်ဆောက်တည်ခွင့် ပေးခြင်း သည် သေး ငယ်သော အာပတ်တို့ကိုပင် ကြီးစွာသော ဘေးကြီးဟု ရှု့မြင်ရမည်ဟူသော စကားနှင့် ဆန့်ကျင် ဘက်ကဲ့သို့ ဖြစ်နေသည်ကိုသတိပြုသင့်ပါသည်။
အချို့သောရဟန်းတော်များသည် အသက်ကြီးမှ ရဟန်း ဘောင်သို့ ဝင်ရောက်လာကြပြီး ဝိနည်းတော်များအား နားမလည်ပါ ပဲ အပြစ်ကျူးလွန်တတ်ကြပါသည်။
သို့သော် ကုစားခွင့် မရသောကြောင့်သီလဝိသုဒ္ဓိ စင်ကြယ်လိုပါသော်လည်း ကုစားခွင့် မရသောကြောင့် ဘဝနိဂုံးချုပ်သွားကြရသည် မှာ အလွန်ပင် နစ်နာလှပေ သည်။
သို့ပါသောကြောင့် ဝါသ်ပွဲကျင်းပရာ ကျောင်းများ အနေဖြင့် ဝါသတ်မှတ် သည်ထက် ကျန်းမာရေး ချို့တဲ့ နေသူတို့နှင့် သီလဝိသုဒ္ဓိ ကို မြတ်နိုး၍ ဝီရိယထား၍ အရင်ဦးဆုံး ဝါသ်ပွဲသို့ စာရင်းပေးသွင်းလာသူ များကို သာ ဦးစားပေးသင့်ပါ ကြောင်းနှင့်
အချို့သော ဝါသ်ပွဲ ကျင်းပရာ ကျောင်းများတွင် ဝါသ်ချထားသော အချိန် သည် ထေရ်ကြီး,ဝါကြီး ရဟန်းတော်များမှာ ပကတတ် ရဟန်းများ ဖြစ်သည် ကို သတိပြု၍ ဝါသ်ပွဲ ကျင်းပရာ ကျောင်းတိုက်ရှိ ပကတတ် ရဟန်းများသည် မရိုမသေ မလေးမစားပြုမူ ဆက်ဆံခြင်းများ မပြုလုပ်သင့်ကြောင်း နှင့်
ထေရ်ကြီး ဝါကြီးများ ဝါသ်ချထားစဉ် ဘုရားဝတ် တက်ချိန်၌ ဝါငယ်များက ရှေ့ ဆုံးမှနေရာယူ၍ ဘုရားရှိခိုးခြင်းများ မပြုလုပ်သင့်ကြောင်း ကို အကြံပြုလိုပါသည်။
ထို့အပြင် လာဘ်လာဘကို မျှော်မှန်း၍ ပရိဝါသ်ဆောက်တည်ခြင်း မပြုရသလို ဝါသ်ပွဲကျင်းပရာ ကျောင်းတိုက်များ သည်လည်း လာဘ် လာဘ ကို မျှော်ကိုး၍ ရှည်လျှား သော လမ်းများကို ဖြတ် သန်း၍ အချိန်ကြာမြင့်စွာ ဆွမ်းခံခြင်းတို့ဖြင့် ထေကြီး ဝါကြီး မဟာထေရ်များကို ညှဉ်းပန်းနှိပ်စက်သကဲ့သို့ မဖြစ်ရအောင် စီမံဆောင်ရွက် ခြင်းဖြင့် သာသနာတော် ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွါး စေရန် ကြိုးပမ်းဆောင်ရွက် သင့်ပါကြောင်း မြတ်စွာ ဘုရားရှင်၏ ဝိနည်းဒေသနာ တော်အတိုင်း ကျင်းပပြု လုပ်ပေးနိုင်ပါရန် မေတ္တာရှေ့ ထား၍အကြံပြု တင်ပြအပ် ပါသည်။{ဝါသ်သံဃာကို ခိုင်းမစားကြပါနဲ့ဘုရား}
ဤသံဃာဒိသိသ် အာပတ်ကုစားရာတွင် လွဲမှားနေသော အယူအဆကြီးတစ်ခုမှာ တစ်ကြိမ်သာ ပရိဝါသ်မာနတ်ကျင့်ပြီး ကုစားလိုက်လျှင် ဖုံးလွှမ်းထား သော သံဃာဒိသိသ် အာပတ်များ အလုံးစုံစင်ကြယ် သွားနိုင်၏ဟု ယူဆနေသော မည်သည့်စာပေတွင်မှ မလာရှိသော အသိမှားကြီးပင်ဖြစ်သည်။
အဓိကအား ဖြင့် နားလည်တတ်ကျွမ်းသော ဝိနည်းဓိုရ်များအား ဖွင့်ဟဝန်ခံ၍ ဖုံးလွှမ်းခဲ့သည့် ရက်များကို သိရှိနိုင်ပြီး ဝိနည်းဓိုရ် ဆရာတော်များမှ ညွှန်ကြားလာသည့် ပရိဝါသ်တစ်မျိုးမျိုးကို မိမိတို့ ဖုံးလွှမ်းခဲ့သည့် ရက်,လ,နှစ် တို့ကို ဖော်ထုတ်၍ ဆောက်တည် ကျင့်သုံးနိုင်လျှင် သီလ ဝိသုဒ္ဓိ စင်ကြယ်စွာဖြင့် ဘဝနိဂုံး အဆုံးသတ်နိုင် ကြ၍ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ကြမည် ဖြစ်ပေသည်။
* [ ကျမ်းကိုး - ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ] *
ဘိက္ခုပါတိမောက် ပါဠိနှင့် နိဿယ
အဓိပ္ပါယ်နှင့်ရှင်းလင်းချက် အပြည့်အစုံပါသော
ရဟန်းကျင့်ဖွယ်
နှစ်ရာနှစ်ဆယ့် ခုနှစ်သွယ် စာအုပ်မှ
Ashin Kovida.ကင်မွန်းစခန်း။
(21-4-2024)04:00,AM.ခေတ္တစင်္ကြံတောင်ကျိုက်ထီးရိုး။

မစိုးရိမ်သမိုင်း နှင့် သာသနာဝင်

  ဆိုက်သေး 18.6 mb ဆိုက်လတ် 74.6 mb ဆိုက်ကြီး 175 mb